ဖုန်းထဲမှာ ရင်းနီးတဲ့ကောင်မလေး (စစ်ငြိမ်း)

-ဖုန်းထဲမှာ ရင်းနီးတဲ့ကောင်မလေး ( စ / ဆုံး )
Based on a true story
တစ်ညမှာ နံပတ်စိမ်းနဲ့ ဖုန်းတစ်ခုဝင်လာတယ်။ တစ်ခါမှ မကြားဖူးတဲ့အသံစိမ်းနဲ့ မိန်းကလေးတစ်ယောက်။ ကျနော် ဖုန်းကိုကောက်ကိုင်ပြီးထူးလိုက်တော့ " ကျမကို ဘယ်လိုမှမထင်ပါနဲ့...ကူညီပါ...." " အသက်သာဆုံးသေလို့ရတဲ့နည်းလမ်း သိလား....."တဲ့။ ဒီဖက်ကပြန်ဖြေတဲ့ကျနော့်အသံတောင် မဆုံးခင်မှာပဲ ကတုန်ကရင်ဖြစ်နေတဲ့အသံနဲ့ သူ ဆက်တိုက်ပြောချလိုက်တာ။ ပထမဆုံးစဉ်းစားမိတာက သူငယ်ချင်းထဲကတစ်ယောက်ယောက်များ နောက်နေသလားဆိုတာပဲ။ ပြီးတော့မှ ဆက်တွေးမိတယ်။ ကျနော် ၂ပတ်လောက်ဖုန်းပိတ်ထားတဲ့အကြောင်းကို ကျနော့်သူငယ်ချင်းတွေ သတိမထားခဲ့မိတဲ့အကြောင်းနဲ့ ကျနော် ဖုန်းပြန်ဖွင့်လိုက်တဲ့အချိန် miss callတစ်ခုတောင် မရှိတဲ့အကြောင်းပဲ။ ကျနော့်ဖေ့စ်ဘုတ်အကောင့်ရဲ့ မက်ဆင်ဂျာမှာ သင်္ကြန်နားနီးလို့ " ခင်ရင် ပြန်လောင်းနော်..."ဆိုတဲ့ လူတကာဆီပို့တဲ့ spamဆန်ဆန်မတ်စေ့အချို့ကလွဲလို့ တခြား ကိုယ်ရေးကိုယ်တာအမှာပါးတဲ့စာ တစ်စောင်မှ မရှိခဲ့။
သူငယ်ချင်းတွေနဲ့စပ်တူငှားနေတဲ့အခန်းမှာ သူငယ်ချင်းတွေ နယ်ပြန်သွားတဲ့အတွက် ကျနော်တစ်ယောက်ပဲ ကျန်နေခဲ့တယ်။ ပြောရရင် သူငယ်ချင်းတွေ စကြ နောက်ကြသလို ကျနော်ဟာ ရန်ကုန်မြေမှာ အသည်းကွဲသမားကြီးတစ်ယောက်လို ကျန်နေခဲ့တာပေါ့။ အသည်းတွေကွဲနေတဲ့ကျနော်ဟာ အခန်းမှာ တစ်ယောက်တည်း အရက်တွေသောက်တယ်။ ဖုန်းကိုပိတ်ထားတယ်။ Hey Judeသီချင်းကို တောက်လျှောက်ဖွင့်ထားပြီး တစိမ့်စိမ့်ငိုတယ်။ ဖေ့စ်ဘုတ်အကောင့်ကိုပိတ်ထားပြီး လူမှုဆက်သွယ်ရေးကွန်ယက်ကို ကျနော့်ဖက်ကနေ ဖြတ်တောက်ကြည့်တယ်။ မိုးလင်းမိုးချုပ်အရက်သောက်ရင်းကျနော်ဟာ လွတ်သွားတဲ့ရထားလေးအကြောင်း ကဗျာတွေရေးလိုက်၊ ကိုယ်လွတ်သွားတဲ့အိမ်လေးဆီ စာတွေပို့လိုက်၊ ကိုယ်ခေါ်ရင် ဘယ်တော့မှမကိုင်တဲ့ ဖုန်းနံပတ်လေးကို အနမ်းတွေပေးလိုက်နဲ့ အရမ်းကို ဒရာမာဆန်နေတဲ့နေ့ရက်တွေပေါ့။ ရုပ်ရှင်တွေထဲများ ထည့်ရိုက်လိုက်ရရင် ဘယ်လောက်များ စောက်ရမ်းဒရာမာဆန်လိမ့်မလဲ။
" အရင်ကရော သေဖို့ကြိုးစားဖူးလား.... တကယ်ရော...သေချင်တာဟုတ်ရဲ့လား "လို့ ပြန်မေးတော့ အဲ့ဒီအမျိုးသမီးကဖြေတယ်။ " ကျမ သေပစ်ဖို့တောင် နာကျင်နေတယ်..."တဲ့။ အဲ့ဒီလိုပြောပြီး သူ ဖုန်းချသွားတယ်။ ဝန်ခံရရင် ဒီရက်ပိုင်းတွေမယ် ကျနော့်ဆီဖုန်းဆက်တာ အဲ့ဒီအမျိုးသမီးတစ်ဦးပဲရှိခဲ့ပါတယ်။ သေပစ်လိုက်ဖို့လိုအပ်နေတဲ့အမျိုးသမီး၊ လူသားတစ်ယောက်ရဲ့ရှင်သန်မှုမှာ ဖမ်းဆွဲစရာ ကောက်ရိုးတစ်မျှင်တောင် မရှိတော့ဘူးလို့ ထင်နေတဲ့အမျိုးသမီးပေါ့။ ကျနော့်မှာလည်း အဲ့ဒီအမျိုးသမီးကလွဲလို့ ဖုန်းခေါ်မယ့်လူမရှိတာ ရယ်စ
ာပါပဲ။ တိတိကျကျပြောရရင် ဒီလိုဖြစ်နေတာ ရက်ပိုင်းတောင်မဟုတ် လတွေနဲ့ချီပြီး ကြာခဲ့ပြီပေါ့။
ကျနော် အဲ့ဒီအမျိုးသမီးကို အညင်သာဆုံးသေဖို့နည်းလမ်း ပြောမပြနိုင်ခဲ့သလို အသက်ဆက်ရှင်ဖို့အကြောင်းပြချက်တွေလည်း မပေးနိုင်ခဲ့ပါဘူး။ ကျနော် ညညဆို ကဗျာဆရာ အောင်ချိမ့်ရဲ့ ခင်ခင်ပျိုရေ အသက်ရှုငွေ့များဆိုတဲ့ကဗျာကို အထပ်ထပ်ပြန်ဖတ်တယ်။ ကဒ်ကိုဘိန်းရဲ့ something in the wayသီချင်းကို နားကြပ်တပ်ပြီး အကျယ်ကြီးနားထောင်တယ်။ အရမ်းမူးလာရင် အိမ်အပြင်ထွက်ပြီး ရောက်ရာပေါက်ရာ လျှောက်သွားတယ်။ လူဟာ တစ်ခါတစ်ခါမှာ သေပစ်ဖို့မလွယ်သလို ရှင်ပစ်လိုက်ဖို့လည်း ခက်တယ်မဟုတ်လား။
အဲ့ဒီအမျိုးသမီး ကျနော့်ဆီဖုန်းဆက်တဲ့အချိန်တွေက ပုံမှန်မရှိဘူး။ တစ်ခါတစ်ရံ ည၁၁နာရီ၊ တစ်ခါတစ်ခါ မနက်၃နာရီ။ အဲ့ဒီလို သူ စိတ်လွတ်နေတဲ့ညတွေတိုင်း ကျနော်တို့ စကားပြောခဲ့ကြတယ်။ သူဟာ သမီးလေးတစ်ယောက်ရဲ့မေမေဖြစ်ပြီး ကျနော့်ထက် ၆နှစ်ငယ်ပါတယ်။ ဘာကြောင့်များ ဒီလိုအသက်အရွယ်လေးနဲ့ ဒီလိုလောကဓံတွေတွေ့ခဲ့ရသလဲလို့ ကျနော်မေးတော့ ကျမဟာ အိပ်ရာကစောစောနိုးတဲ့နှံကောင်ပဲ...လို့ သူပြောခဲ့တယ်။ အသက်ရှင်ရတာပျော်လားဆိုတဲ့မေးခွန်းကို သူ အကြိမ်ကြိမ်ဖြေခဲ့ဖူးပြီး အသက်ရှင်ရတာ မပျော်တဲ့အကြောင်း။ အဝေးကိုပြေးထွက်ခြင်းတွေတိုင်းဟာ အဝေးကိုမရောက်နိုင်တဲ့အကြောင်း သူ ဆက်ပြောခဲ့တယ်။ ကျနော်တို့ဟာ အဆွေးသီချင်းတွေဆိုပြီးမှ ပျော်စရာတွေကို မျှော်လင့်နေခဲ့တဲ့ ငှက်ကလေးတွေပဲ။
ကျနော့်မှာသူ့ကို ရှင်သန်ဖို့ အရာရာအတွက် မကြောက်ပါနဲ့လို့ ပြောခဲ့တဲ့နေ့ရက်တွေရှိသလို သေပစ်လိုက်စမ်းပါလို့ အားပေးခဲ့တဲ့ရက်တွေလည်းရှိခဲ့ပါတယ်။ ပါရာစီတမောဘယ်နှလုံးသောက်ရင် အသည်းကိုထိပြီး သေတတ်တဲ့အကြောင်း၊ ကြိုးဆွဲချရင် မသေဆုံးခင် ဝေဒနာခံစားရမှာက ၇စက္ကန့်ကနေ ၁၃စက္ကန့်လောက်ပဲ ကြာတဲ့အကြောင်း၊ ဒါပေမယ့် ၇ကမ္ဘာလောက်ကြာတယ်လို့ ထင်ရလောက်ကြောင်း ပြောပြတော့ သူက ဆေးဝါးနဲ့ ခန္ဓာဗေဒအကြောင်း သူကောင်းကောင်းသိတယ်ဆိုတာရယ်၊ ကျနော်သိထားတာထက် ပိုပြီး နာကျင်ပင်ပန်းရမယ်ဆိုတာရယ် ပြောပြခဲ့တယ်။ ကျနော်ဟာ အသက်ရှင်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို သူကလည်း အိပ်မက်ဆိုတာ မဖြစ်ခဲ့တဲ့အရာတွေအကြောင်း မပြောဖြစ်တော့တဲ့ ပစ္စုပ္ပါန်တွေပဲလို့ သူ့ဒိုင်ယာရီထဲမှာ ရေးထားတဲ့အကြောင်း ပြောပြတယ်။ သူနဲ့ကျနော်ဟာ အတွေးချင်း ခံစားချက်ချင်း အတော်ကိုတူနေပြီး လူတွေရဲ့ရှင်သန်မှုကို မယုံကြည် မတွယ်တာတဲ့နေရာမှာလည်း တူတယ်။ နောက်ပြီးတော့ တကယ်တမ်းလည်း သေပစ်လိုက်ဖို့ မရဲသေးတာလည်း အတူတူပဲ။
သူ စိတ်နည်းနည်းပေါ့ပါးနေတဲ့အခါမျိုးတွေမှာတော့ သူ့သမီးလေးအကြောင်း ပြောပြလေ့ရှိပါတယ်။ သူ့သမီးလေးဟာ သူနဲ့ အရမ်းတူတဲ့အကြောင်း။ အထူးသဖြင့် သူ့သမီးလေးရဲ့မျက်ဝန်းတွေဟာ သူနဲ့ တစ်ထေရာတည်းဖြစ်တဲ့အကြောင်း။ နောက်ပြီး သူဝမ်းနည်းဖျော့တော့နေတဲ့လေသံလေးနဲ့ ဆက်ပြောတယ်။ သမီးလေးသက် ၃နှစ်ပြည့်ပြီဆိုတဲ့အကြောင်း။ သမီးလေးနဲ့မတွေ့ရတာ ၈လကြာပြီဆိုတဲ့အကြောင်း။ သမီးအဖိုးအဖွားတွေဆီမှာပဲ သမီးလေးရှိနေတဲ့အကြောင်းပေါ့။ နောက်ပြီး သူ့အကြောင်းလည်း နည်းနည်းပြောပြပါတယ်။ ဆရာဝန်တစ်ယောက် အရမ်းဖြစ်ချင်ခဲ့ဖူးတဲ့အကြောင်း။ နှလုံးခွဲစိတ်အထူးကု ဖြစ်ချင်တဲ့အကြောင်း။ မိဘအရင်းတွေနဲ့ ငယ်ငယ်ကတည်းက မတွေ့ဖူးတော့တဲ့အကြောင်း။ ဆေးကျောင်းတက်နေရင်း အိမ်ထောင်ကျတာ အရမ်းစောလွန်းသွားတယ်ဆိုတဲ့အကြောင်း။ မွေးစားအဖေရှိပြီး အဲ့ဒီမွေးစားဖေဖေဟာ သူ့အမေအရင်းရဲ့ ရည်းစားဖြစ်တဲ့အကြောင်း။ မွေးစားအဖေကို ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိပဲ မြန်မာပြည်မှာ ထားပစ်ခဲ့ပြီး သြစတေးလျကို ထွက်သွားဖူးတဲ့အကြောင်း။ အဲ့ဒီမှာ သမီးလေးရဲ့ဖေဖေ ရှိတဲ့အကြောင်း ပြောပြခဲ့တယ်။
သူ့အကြောင်းဟာ ဒီလောက်နဲ့မပြီးသေးသလို ဒီထက်လည်း ပိုစိတ်ဝင်စားစရာကောင်းခဲ့တယ်။ သူ အဝေးကနိုင်ငံကိုရောက်တဲ့အခါ သူ့သမီးလေးရဲ့ဖေဖေဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တယ်တဲ့။ သူ့သမီးလေးရဲ့ဖေဖေဟာ မတော်တဆမှုတွေ ရဲမှတ်တမ်းတွေထဲမှာတောင်မပါပဲ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တယ်။ ကျနော် ဒီအကြောင်းတွေကြားရတော့ လုံးဝ မယုံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီအမျိုးသမီးသာ ကျနော့်ကို မလိမ်ခဲ့ဘူးဆိုရင် magical realismဆိုတာ ကျနော်တို့ တကယ့်ဘဝထဲမှာ တကယ်ကိုရှိနေတာဖြစ်မယ်။ လူတစ်ယောက်ဟာ လူတစ်ယောက်ရဲ့ဘဝထဲကနေ ဘာအကြောင်းမှမရှိပဲ ဘယ်တော့မှ ပြန်မတွေ့နိုင်အောင် ပျောက်ကွယ်သွားတတ်တာ အမှန်ပါပဲလားပေါ့။ ကျနော်တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အမျိုးသမီးလေး ကျနော့်ဘဝထဲကနေ နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့မိုင်တော့လောက်အောင် ပျောက်ကွယ်သွားသလိုပါပဲလားပေါ့။ လူတစ်ယောက်ဟာ မပိုင်ဆိုင်ဖူးပဲနဲ့တောင်ဆုံးရှုံးရတတ်တာ အံ့သြစရာပါပဲ။ သူ့သမီးလေးရဲ့ဖေဖေဟာကျောင်းကနေ အချိန်ပိုင်းအလုပ်ဆီ မြို့ပတ်ရထားစီးသွားရင်း၊ စာကြည့်တိုက်မှာ စာအုပ်တချို့ငှားရင်း ရုတ်တရက်ကြီး ပျောက်ကွယ်သွားတယ်လို့ သူပြောတယ်။ စောက်ဆန်းကြီးနော်။ ယုံနိုင်စရာမရှိဘူး။ ဒါပေမယ့် အဲ့ဒီအမျိုးသမီး သေမလိုဖြစ်နေတဲ့နေ့ရက်တွေမှာ ကျနော်ကလည်း သေမလိုကြီးဖြစ်ပြီး အဲ့ဒီအမျိုးသမီးကြောင့် မသေဖြစ်သေးတဲ့အတွက် အဲ့ဒီအမျိုးသမီးပြောတာတွေကို မဟုတ်ပါဘူးလို့ငြင်းဖို့ကလည်း ခက်နေတယ်။
တစ်နေ့မှာ သူဖုန်းဆက်ပြီးပြောတယ်။ သမီးကို သူအရမ်းတွေ့ချင်တယ်တဲ့။ သူ့သမီးအဖိုးအဖွားတွေရဲ့လိပ်စာတစ်ခုကျနော့်ကို ပေးတယ်။ ကျနော်တို့နဲ့ မိုင်၃၀၀ကျော်လောက်ဝေးတဲ့ တောင်ပေါ်ဒေသတစ်ခုပဲ။ ဒါပေမယ့် ကျနော်က သူ့သမီးကို သွားခေါ်ပေးလို့ ဘယ်ရပ့ါမလဲ။ သူ့ကို အဲ့ဒီအိမ်ကျနော်လိုက်ပို့ရင်လည်း ဘယ်သင့်တော်ပါ့မလဲ။ ကျနော် သူ့စကားကို ငြင်းဖို့ပြင်တော့ သူက မလုပ်ပေးချင်ဘူးမဟုတ်လား.... ဒါပဲ ဒါပဲဆိုပြီး ဖုန်းချသွားတယ်။
သူဖုန်းချသွားတော့လည်း စိတ်မကောင်းဖြစ်ရပြန်ရော။ ကျနော် သူ့ကို သနားနေမိတယ်။ သိပ်ရင်းနီးတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတစ်ယောက် ကိုယ့်ကို စိတ်ဆိုးသွားသလို ခံစားရတယ်။ နောက်တစ်ခါသူဖုန်းဆက်ရင်တော့ သူ့သမီးနဲ့တွေ့ရဖို့နည်းလမ်းတွေ သူနဲ့ကူပြီး စဉ်းစားကြည့်မယ်လို့ တွေးထားလိုက်တယ်။ တစ်ဆက်တည်းတွေးမိတာက သမီးရဲ့အဖိုးအဖွားတွေဟာ ဘာလို့ သူနဲ့သမီးကို တွေ့ခွင့်မပေးလဲဆိုတာ ကျနော် သေသေချာချာ မသိ မေးလည်း မမေးမိတဲ့အကြောင်းပဲ။ နောက်ပြီး ထပ်စဉ်းစားမိတာက ကျနော် သူ့ကို တစ်ခါမှ ဖုန်းမဆက်ဖူးဘူးပဲ။ ကျနော် ချက်ချင်းပဲ အလွတ်ရနေတဲ့ သူ့နံပတ်တွေကိုနှိပ်တယ်။ သူ့ကို ဖုန်းခေါ်တယ်။ လူကြီးမင်းခေါ်ဆိုသောနံပတ်မှာ....တပ်ဆင်ထားခြင်း မရှိပါတဲ့။ ဘယ်လိုဖြစ်ပါလိမ့်... သူ ဖုန်းပိတ်ထားတာများလားပေါ့။
ဒီရက်ပိုင်း ကျနော် ကျန်းမာရေး သိပ်မကောင်းဘူး။ အရက်ကို မသောက်ရမနေနိုင်ဖြစ်နေပြီး သောက်တဲ့နှုန်းလည်း ပိုများလာတယ်။ အရက်တွေအရမ်းမူးနေတဲ့တိုင်အောင် အိပ်လို့မပျော်ပဲ ကြောင်စီစီဖြစ်နေတယ်။ အရက်က ကျနော့်ကို မတိုးတော့သလိုပဲ။ အတူနေတဲ့သူငယ်ချင်းနှစ်ယောက်ကလည်း နယ်ရုံးခွဲကို တာဝန်ကျနေပြီး ပြန်မလာကြဘူး။ ကျနော် ပတ်ဝန်းကျင်ကလူတွေနဲ့လည်း လုံးဝ စကား မပြောဖြစ်ဘူး။ လစာကောင်းတဲ့ ကျနော့်အလုပ်ကို ထွက်ပစ်မိလိုက်တာလည်း ကျနော့်ကိုယ်ကျနော် နားမလည်နိုင်ဘူးဖြစ်နေတယ်။ ကျနော့်ဘဏ်အကောင့်ကိုစစ်ကြည့်ပြီး ငါ ၆လလောက်တော့ နေနိုင်သေးတယ်ဆိုပြီး ကျေနပ်သလို လုံလောက်သွားသလိုဖြစ်နေတာကလည်း တစ်မျိုးပဲ။ ကျနော် တစ်ချိန်လုံး ကျနော်ချစ်ခဲ့တဲ့အမျိုးသမီးလေးအကြောင်းပဲ တွေးနေမိတယ်။ နောက်ပြီး ကျနော်စဉ်းစားမိတာ ကျနော်ဟာ နာကျင်မှုကို စွဲလမ်းနေတာလား၊ pain pleasureရနေတာလားပေါ့။ ကျနော်လည်း သေချာတော့ မပြောတတ်တော့ပါဘူး။
ကျနော့်ဒဏ်ရာတွေနဲ့ကျနော် မျောနေရင်း။ ကျနော့်ဖာသာတစ်ယောက်တည်း ပတ်ချာလည်အောင် ဖြစ်ချင်တိုင်းတွေဖြစ်နေရင်း၊ ဖျက်ခနဲ သတိရသွားတယ်။ ဟိုအမျိုးသမီးလေးလေ။ ကျနော် နာမည်တောင်မသိတဲ့ ကျနော့်ကိုလည်း နာမည်တောင်မသိတဲ့ အမြဲ သေချင်နေတဲ့အမျိုးသမီးလေး။ အမြဲ နာကျင်ကွဲအက်နေတဲ့အသံလေးနဲ့၊ သူအလိုမကျတာရှိမှသာ အသံလေးနည်းနည်းကျယ်လာတဲ့ ဟိုအမျိုးသမီးလေး။ သူ ကျနော့်ကို ဖုန်းမဆက်တာ ၁လလောက်ရှိပြီ။ သူ တစ်နည်းနည်းနဲ့အဆင်ပြေသွားပြီလို့ ဖြေတွေးမိတယ်။ ကျနော်ကြားဖူးတဲ့စကားတစ်ခုရှိတယ်လေ။ လူတစ်ယောက်ရဲ့သတင်းကို မကြားရရင် စိတ်မပူပါနဲ့ အဲ့ဒါ သူ အဆင်ပြေနေလို့ပါတဲ့။ အဆင်မပြေတဲ့နေ့ ဆက်သွယ်ပါလိမ့်မယ်တဲ့။ အတော်ရယ်ချင်စရာကောင်းတဲ့ ပေါကြောင်ကြောင်စကားဖြစ်ပေမယ့် ကျနော့်အတွက်တော့ စိတ်သက်သာရာ ရပါတယ်။
ဒါပေမယ့် သူတကယ်ဖုန်းဆက်လာတဲ့နေ့မှာတော့ အဆင်ပြေနေပါစေလို့တောင်းခဲ့တဲ့ကျနော့်ဆုဟာ မပြည့်ခဲ့ပါဘူး။ သူ နေလို့မကောင်းတဲ့အကြောင်း၊ ဆေးကုသမှုခံယူနေပြီး မကြာခင်သက်သာသွားဖို့ မျှော်လင့်တဲ့အကြောင်း သူပြောခဲ့ပါတယ်။ ညညဆို အိပ်လို့မပျော်သလို အိပ်ပျော်ဖို့သောက်ရတဲ့ဆေးတွေကိုလည်း သူ မုန်းနေပြီဆိုတဲ့အကြောင်း၊ သူ့အဒေါ်က အနားမှာ အမြဲရှိလို့ ဖုန်းမဆက်တာဆိုတဲ့အကြောင်း၊ နောက်ပြီး သူ့အဒေါ်ကို ကြောက်တဲ့အကြောင်း ဆက်ပြောတယ်။ သူစကားတွေအများကြီး ဆက်တိုက်ပြောနေခဲ့တယ်။ ညညဆို အိပ်မပျော်ချင်တဲ့အကြောင်း၊ အိပ်ပျော်သွားမှာကို ကြောက်တဲ့အကြောင်း၊ အိပ်ပျော်သွားရင် အိပ်မက်ထဲမှာ သူ့အမျိုးသားကို သွေးတွေနဲ့အတူ မမြင်ရက်စရာမြင်ကွင်းတွေနဲ့ ညစဉ်အိပ်မက်မက်ကြောင်း၊ သူ့အမျိုးသား ဒီအတိုင်းပျောက်ကွယ်သွားတယ်လို့ သူမယုံတော့တဲ့အကြောင်း ပြောခဲ့တယ်။ နောက်ပြီး သူ့သမီးလေးကို အရမ်းကို နင့်နင့်သည်းသည်း လွမ်းတဲ့အကြောင်းပေါ့။ နောက်ပြီး ကျနော်က Beatlesရဲ့ Hey Judgeသီချင်းနဲ့ ငိုရတဲ့အကြောင်းပြောပြတော့ သူ့သမီးလေးရဲ့ဖေဖေဟာ အဲ့ဒီသီချင်းကို ဆိုတဲ့တီးတဲ့နေရာမှာ အရမ်းကောင်းကြောင်း ပြောပြခဲ့တယ်။
အဲ့ဒီညက သူနဲ့ကျနော် အကြာဆုံးဖုန်းပြောဖူးတာပဲ။ သူဖုန်းချသွားတဲ့အချိန်မှာ မနက်လင်းလုပြီ။ ကျနော် အဝတ်အစားတချို့ကိုထည့်ရင်း တစ်ခါမှတွေးမကြည့်ဖူးတဲ့ခရီးကို ထွက်လာမိတယ်။ သူ့သမီးလေးရှိတဲ့ တောင်ပေါ်မြို့လေးဆီပေါ့။ ကျနော် ရန်ကုန်မှာ ပစ်ချထားခဲ့တဲ့အရာတွေ အများကြီးပဲ။ ကျနော့်ကိုယ်ကျနော် ပစ်ချထားခဲ့တယ်။ ကျနော့်ခံတပ်လိုဖြစ်နေတဲ့အခန်းလေးကနေ ပထမဆုံးအကြိမ် ထွက်လာခဲ့မိတယ်။ နောက်ပြီး ကျနော့်ဒဏ်ရာတွေနဲ့ ကျနော့်အိပ်မပျော်မှုတွေဆီကနေ ထွက်လာခဲ့မိတယ်ပေါ့။ ကျနော့်အတွက် တကယ်လိုအပ်တဲ့ခရီးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကျနော်ဟာ နေရာလေးတစ်နေရာမှာ ထောင်ချောက်မိထားတဲ့ယုန်လို တိတ်တိတ်လေးဝပ်ရင်း ပိတ်မိနေခဲ့တာလည်း ကြာပြီလေ။
သူ့သမီးလေးရှိတဲ့မြို့ကိုရောက်တော့ ကျနော် ဘာဆက်လုပ်ရမလဲဆိုတာ မသိဘူး။ ကျနော့်မှာ သူပြောဖူးတဲ့လိပ်စာတစ်ခုရယ်၊ သူအမြဲပြောတတ်တဲ့ သူ့သမီးလေးနာမည် ဂူဂူးဆိုတာပဲ ကျနော်သိတယ်။ သူပြောတဲ့လိပ်စာကိုသွားကြည့်တော့ ခြံတံခါးကြီးကြီးနဲ့အတူ ခန်းနားတဲ့အိမ်ကြီးတစ်လုံးကို မြင်ရတယ်။ ခြံဝကနေကြည့်လိုက်ရင် အိမ်ဆီသွားတဲ့လမ်းတစ်လျှောက် ပန်းနုရောင်ဝေနေတဲ့ ချယ်ရီပန်းပင်တွေ။ နောက်ပြီး အိမ်ရဲ့ဝဲယာမှာ သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အိမ်အနောက် တောင်ကုန်းလေးပေါ်မှာ ထင်းရူးပင်တွေ။
ကျနော် အဲ့ဒီအိမ်ကြီးထဲကို မဝင်ဖြစ်ခဲ့ပါဘူး။ အိမ်နားမှာ ဈေးလေးတစ်ခုရှိတယ်။ ဈေးရဲ့ဘေးလမ်းဟာ တောင်ပေါ်မြို့လေးရဲ့ဘေးလမ်းပီပီ ကုန်းဆင်းလေးပဲ။ ကျနော် အဲ့ဒီလမ်းလေးရဲ့ထိပ် ပလပ်ဖောင်းဘေးမှာ ပါလာတဲ့ဂစ်တာကိုတီးရင်း သီချင်းဆိုဖြစ်တယ်။
Hey Jude, don't make it bad
Take a sad song and make it better
Remember to let her into your heart
Then you can start to make it better......
Hey Jude, don't be afraid....
ကျနော်အမြဲငိုခဲ့ရတဲ့သီချင်းလေးကို ကျနော်ခင်မင်ရတဲ့ အမြဲသေချင်နေတဲ့သူငယ်ချင်းမလေးအတွက် ဆိုခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီမြို့မှာ မိတ်ဆွေမရှိတဲ့ကျနော်ဟာ ဈေးပေါပေါမိုတယ်တစ်ခုဆီ ခနတာနားခိုဖို့ ထွက်ခဲ့တယ်ပေါ့။
နောက်နေ့တွေ နောက်နေ့တွေမှာလည်း ကျနော် အဲ့ဒီဈေးနားလေးကပလက်ဖောင်းမှာ စီးကရက်ခဲရင်း အဲ့ဒီသီချင်းလေးကို မနက်တိုင်း သွားဆိုခဲ့တယ်။ ဒီလိုနဲ့ သုံးရက်လောက်ကြာတဲ့အခါ လူအချို့က ကျနော့်ကို သတိထားမိလာတယ်။ ကျနော်သီချင်းဆိုနေတာကို မြို့ခံလူတွေက မျက်ဝန်းတွေနဲ့ အကြည့်တွေနဲ့ အသိအမှတ်ပြုလာကြတယ်။
Hey Jude, don't make it bad
Take a sad song and......
ဟေ့ ကောင်လေး....
ကျနော် သီချင်းဆိုရင်း ခေါ်သံဆီမော့ကြည့်လိုက်တော့ ဒေသခံတိုင်းရင်းသားဝတ်စုံနဲ့ ဥပဓိရုပ်ကောင်းကောင်း အမျိုးသားကြီးတစ်ဦးပဲ။
ကျနော် အဲ့ဒီလူကြီးနဲ့အတူ ကျနော်သိခဲ့တဲ့လိပ်စာထဲကအိမ်ကြီးဆီရောက်လာခဲ့တယ်။ အဲ့ဒီလူကြီးကပြောတယ်၊ He Judeသီချင်းဟာ သူတို့သား အမြဲဆိုနေကျသီချင်းဖြစ်တဲ့အကြောင်းနဲ့ သူတို့သားဟာ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုမှာ ဆုံးပါးသွားခဲ့ရတဲ့အကြောင်း၊ ဒီမြို့လေးမှာ အဲ့ဒီသီချင်းသံ မကြားရတာ ကြာပြီဆိုတဲ့အကြောင်းပေါ့။ ကျနော်က ပြန်ပြောခဲ့တယ်။ သေဆုံးပစ်လိုက်ဖို့ မျှော်လင့်နေတဲ့ ကျနော့်မိတ်ဆွေအမျိုးသမီးလေးအကြောင်းနဲ့ သူ့သမီးလေးကို သူ အရမ်းတွေ့ချင်နေတဲ့အကြောင်းပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီအမျိုးသမီးလေး ရူးတောင်ရူးသွားနိုင်တဲ့အကြောင်းပေါ့။ အဲ့ဒီလူကြီးကလည်း ပြန်ပြောပါတယ်။ ဒါကြောင့်ပဲ သမီးလေးကို သူတို့ အကောင်းဆုံးစောင့်လျှောက်ပေးနေတာပါ။ စိတ်ချပါတဲ့။
ဒီလိုနဲ့ ကျနော်ဟာ ကျနော့်အခန်းလေးဆီ ပြန်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးလေးဆက်မယ့်ဖုန်းကို မျှော်ရင်းနဲ့ပေါ့။ ဒါပေမယ့် သူမဆက်ခဲ့ပါဘူး။
ကျနော်ပြန်ရောက်ပြီးတဲ့နောက် အရက်လျှော့သောက်တယ်။ မိတ်ဆွေစိတ်ရောဂါကုဆရာဝန်တစ်ယောက်ဆီ ပုံမှန်ပြဖြစ်တယ်။ ညဖက်ဆို အချိန်မှန်မှန်အိပ်ဖို့ကြိုးစားတယ်။ သူပြောတာက ကျနော်ဟာ တကယ်မရှိတဲ့အရာတွေ၊ တကယ်မရှိတဲ့လူတွေနဲ့ တကယ်မရှိတဲ့ဇာတ်လမ်းတွေကို စိတ်ကူးယဉ်ဖန်တီးရင်း တကယ်ရှိတယ်လို့ ထင်နေတာတဲ့။ ဥပမာ စိတ်ကူးယဉ်သူငယ်ချင်းနဲ့ တစ်ယောက်တည်း စကားပြောတာမျိုးပေါ့။
ဒေါက်တာပြောတာဟုတ်မှာပါ။ တဖြည်းဖြည်းနဲ့တော့ တစ်နေ့ပြီးတစ်နေ့ နေရတာ အဆင်ပြေလာသယောင်ပါပဲ။ ဆေးခန်းထဲက ပြန်ထွက်လာချိန်မှာ အမျိုးသမီးကြီးတစ်ယောက်ရဲ့ တွဲခေါ်မှုနဲ့ ဆေးခန်းထဲကို ဝင်ထိုင်လာတဲ့ အမျိုးသမီးကလေးနဲ့ ကျနော်နဲ့ မျက်လုံးခြင်းမဆုံခဲ့မိတာတော့ သိပ်ကံကောင်းတယ်။ မဟုတ်ရင် ကျနော့်စိတ်တွေ ဒီထက် ပိုရှုပ်ထွေးသွားတော့မှာ....။
Hey Jude, don't make it bad
Take a sad song and make it better
Remember to let her into your heart
Then you can start to make it better......
စစ်ငြိမ်း ( ၁၂ ၄ ၂၀၁၈)

Original Post - https://www.facebook.com/nyinyinaing11111/posts/10210860741504708