မနေ့က "စံ" လိုတယ်လို့ရေးပြီးတဲ့နောက်ပိုင်း ဆက်တွေးဖြစ်တယ်..
"စံ" ဆိုတာဘာလဲ? "စံ" ဆိုတာ သတ်မှတ်တဲ့ standard တစ်ခုဘဲ...အဆင့်အတန်းပေါ့။
ကျနော်တို့ ကွင်းကွင်းကွက်ကွက်မြင်ချင်ရင် အနီးစပ်ဆုံး အာရှတိုက်ထဲကိုကြည့်မယ်ဆိုရင် ဂျပန် ရဲ့ standard ကိုလေ့လာလို့ရတယ်။ ဂျပန် ဆိုရင်သူတို့ရဲ့ "စံ" ကတော်တော်မြင့်တယ်။ သူတို့တွေရဲ့ ကုန်ပစ္စည်းတွေ အစားအသောက်တွေ အနုပညာတွေဟာ ကမ္ဘာမှာရှိတဲ့
လူမျိုးစုတွေ အလည်မှာ အဆင့်မြင့်မြင့်တစ်နေရာမှာရှိတယ်။ အကောင်းဆုံးထဲမှာလို့ပြောလို့ရတယ်။ ကျနော် အမေရီးကားမှာ ဂျပန်မိတ်ဆွေတွေရှိတယ်။ အမေရီးကားမှာတောင်မှ သူတို့တွေ ဂျပန်ပစ္စည်းတွေပဲ တော်တော်များများသုံးကြတယ်။ အမေရီကန်ပစ္စည်းတွေထက်ဈေးကြီးတယ်နော်။ လူမျိုးရေးဘာညာထက် ပစ္စည်းကလဲတစ်ကယ့်ကိုပိုကောင်းတယ်။ လူမျိုးရေးလဲပါမှာပေါ့လေ ဒါပေမယ့် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိတယ်။ သူတို့တွေဘာပဲလုပ်လုပ် quality ကိုအကောင်းဆုံးဖြစ်အောင် အာရုံစူးစိုက်မှုအပြည့် စေတနာ အပြည့်နဲ့ ပြီးမြောက်အောင်လုပ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြားမှာလေးစားမှုရှိသလို "စံ" တစ်ခုကိုလဲမျှော်လင့်တယ်။ ကျနော့်အမြင်တော့ အဲ့ဒီ့ စိတ်ဓာတ်နဲ့အကျင့်တွေကပဲ ကမ္ဘာပေါ်မှာအဆင့်အတန်းအမြင့်မားဆုံးနိုင်ငံတွေထဲမှာပါ
လာအောင်တွန်းပို့ပေးလိုက်တယ်လို့ ထင်တယ်။ အမြတ်ဘယ်လောက်ကျန်အောင်လုပ်မယ်တို့ မြန်မြန်ပြီးအောင်ဘယ်လိုလုပ်မယ်တို့
လိုမျိုးစိတ်ဓာတ်တွေနဲ့တော့ သူတို့လိုအဆင့်မျိုးဘယ်လိုမှမရောက်နိုင်ဘူး။ အဲ့ဒါအတုယူစရာပါ။ အဲဒါမှ အမျိုးချစ်ရာရောက်တယ်။ နိုင်ငံချစ်ရာရောက်တယ်။
နောက်တစ်ခုက လူမျိုးတစ်မျိုး ရဲ့ထားတဲ့ "စံ" ကိုကြည့်ပြီး အဲ့ဒီ့လူမျိုးစုရဲ့အဆင့်အတန်း (ဥာဏ်ရည် စိတ်ဓါတ်) ကိုတိုက်ရိုက်မြင်နိုင်တယ်။ ဥပမာ - ကျနော်တို့ဆီကထွက်တဲ့ ခေါင်းလျှော်ရည် နဲ့ ဂျပန်ကထွက်တဲ့ ခေါင်းလျှော်ရည်...နှိုင်းယှဉ်လို့ မရအောင်ကွာနေတယ်။ အစားအသောက် အဝတ်အထည် လျှပ်စစ်ပစ္စည်း အနုပညာ...
ဘာမှယှဉ်လို့မရဘူး.. အဲ့ဒါ ထားတဲ့ "စံ" ခြင်းကွာနေလို့။ ဒီလိုပြောရင် စီးပွားရေးသမားတွေဘာပြောမလဲ ဆိုတော့ "သူတို့ရဲ့ဈေးကွက်ကကြီးတာကိုး" "နိုင်ငံရေးငြိမ်တာကိုး" စတဲ့ ဆင်ခြေဆင်လက်တွေပေးလိမ့်မယ်။ အဲ့လိုအခြေအနေမျိုးသူတို့ဘယ်လောက်တောင်ကြိုးစားပြီး
မှရောက်သွားသလဲဆိုတာကိုတော့ လျစ်လျူ ရှုကြလိမ့်မယ်။
အနုပညာလောကလဲ ထိုနည်းလည်းကောင်းပဲ...Hollywood က Budget ကြီးပြီးတော့ သုံးတဲ့ပစ္စည်းတွေကကောင်းတာကိုး ဆိုတာမျိုးပြောလိမ့်မယ်။ အဲဒါတွေက သူတို့ကို နတ်ဘုရားတွေက ရော့ ဆိုပြီးပေးလိုက်တာမဟုတ်ဘူး။ သေချာကြည့်ကြည့်ပါ...သူတို့လဲ ကျနော်တို့လိုပဲ ခြေနှစ်ချောင်း လက်နှစ်ချောင်း ခေါင်းတစ်လုံးနဲ့ လူတွေပါ။ သူတို့ရဲ့ စိတ်ဓာတ်တွေကြောင့် သူတို့အခုရောက်နေတဲ့နေရာကိုရောက်နေကြတာ။ သူတို့ထားတဲ့ "စံ" ကြောင့် သူတို့ဒီအကျိုးတွေခံစားနေရတာ။

ကျနော်လဲ ကျနော်တို့လူမျိုးတွေကို "စံ" မြင့်မြင့်ထားစေချင်တယ်။ ကျနော်တို့လူမျိုးတွေက အစွဲအလန်းကြီးတယ်။
နာမည်စွဲ ပုဂ္ဂို လ်စွဲကြီးတယ်။ မြန်မာ့ထွက်ကုန်တွေကို ကမ္ဘာ့ထွက်ကုန်တွေနဲ့ ယှဉ်စေချင်တယ်။ အမှန်ကိုအမှန်အတိုင်းမြင်စေချင်တယ်။ မျှော်လင့်စေချင်တယ်။ ချစ်လို့ဆိုပြီး ဘာမှလာမပြောနဲ့ဆိုပြီး တစ်လွဲမာန နဲ့ ခေါင်းမမာစေချင်ဘူး။

- Zenn Kyi